Saturday, April 11, 2009

နားခိုရာ... အပိုင်း(၄)

ခင်ဗျားကို ကျွန်တော် အရင်အပတ်က သီးသန့်ပွဲတစ်ခုမှာ ဆုံခဲ့ဖူးတယ်.. ခင်ဗျား မှတ်မိမလား မသိဘူး..

သူမ အလျင်အမြန်စဉ်းစားလိုက်သည်။ သူမ ယခင်အပတ်က ကီပိုတို့ဖိတ်ထားသည့် ပွဲတစ်ခုသို့ သွားရောက်ခဲ့သည်။ မီဒါ၏ အသိမိတ်ဆွေများလည်းလာရောက်ခဲ့ကြသည်။ noble အတော်များများ တက်ခဲ့သော ပွဲတစ်ခုပင်။ တခါတလေတွင် ကီပိုသည် ထိုပွဲများတွင် သူ၏အသိအကျွမ်းဆိုရ်ျ များများစားစား မရှိသောကြောင့်များ သူမကို ဖိတ်နေသလားဟုပင် ထင်မိသည်။

ဟုတ်ကဲ့.. ကျွန်မ သူငယ်ချင်းတစ်ယောက်က ဖိတ်ခဲ့လို့ပါ.. ကျွန်မ noble တစ်ယောက် မဟုတ်ပါဘူး...

သြော်.. ကျွန်တော် သိပါတယ်.. ခင်ဗျား သူငယ်ချင်းဆိုတာ မစ်စတာပိုလို့ ထင်မိတယ်.. ဟုတ်မလား မသိဘူး..

သူမ စိတ်ထဲ ထင့်ခနဲဖြစ်သွားသည်။ ရိုင်နီယာဆိုသော ထိုသူသည် မည်မျှပင် အားကောင်းသော noble bloodline မှပင် ဆင်းသက်လာခဲ့သည်ဖြစ်စေ ယခုနေရာတွင် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ယခုကဲ့သို့ စစ်ဆေးမေးမြန်းပိုင်ခွင့် မရှိပါဟူသော သတ်မှတ်ချက်ရှိပြီး ဖြစ်သည်။ သူသည် အစကနဦးတည်ထောင်သူများနှင့် ဆက်စပ်နေပါလျက်နှင့် ထိုအချက်ကို သတိမရသည်လား၊ အမှတ်မထားသည်လား၊ မထေမဲ့မြင်ပြုသည်လား မသိ။ သို့မဟုတ်လျှင်လည်း ငါလုပ်သလို မလုပ်နဲ့၊ ငါပြောသလိုလုပ် ဆိုသော သဘောထားမျိုးများ ကျှ်ကမ္ဘာတွင် ဖြစ်တည်နေပြီလေလား။ ထိုသို့ဆိုလျှင်တော့ သူမလည်း သူမရပ်တည်ချက်ကို ပြန်လည် စဉ်းစားရပေမည်။ အုပ်စုဖွဲ့ကာ အင်အားကြီးသူက မိမိထက်အင်အားငယ်သူအား အနိုင်ကျင့်ခြင်းကို အပြင်လောကမှာလည်း တွေ့နိုင်ပါသည်။ ကျှ်နေရာ ကှ်ျလောကသို့ ၀င်ရောက်ရန်မလိုအပ်ပါ။

ကျွန်တော့မေးခွန်းက ရိုင်းသွားခဲ့ရင် စိတ်မဆိုးပါနဲ့ဗျာ... ကျွန်တော်က ဘာရယ်မဟုတ် မေးလိုက်တာပါ... ခင်ဗျား စိတ်အနှောင့်အယှက်ဖြစ်သွားတယ် ဆိုရင်လည်း တောင်းပန်ပါတယ်...

ရပါတယ်.. ဟုတ်ပါတယ်.. ကီပိုနဲ့ မီဒါ က ဖိတ်ခဲ့တာပါ.. သူတို့ အခုတောင် ဒီမှာ ရှိကြသေးလား မသိဘူး..

ပြန်သွားကြပြီ ထင်တယ်ဗျ.. အအေး တစ်ခွက်လောက် ထပ်ယူပါဦး.. ကျွန်တော် ယူခဲ့ပေးပါ့မယ်...

သူမ ထိုနေရာတွင်ပင် ကျန်ခဲ့လိုက်သည်။ သူမ နည်းနည်းတော့ အံ့သြနေမိသည်။ ကီပို၏ ပြသနာ တစ်ခုခုများ သူမကို လာအမှုပတ်နေလေပြီလားဟု စဉ်းစားကာ အဖြေရှာနေမိသည်။ မဖြစ်နိုင်လှ။ ကီပိုက အစအနောက်သန်ကာ ပျော်ပျော်နေတတ်သော်လည်း ပြသနာတော့ မရှာတတ်သည့် စိတ်ရင်း သဘောထား ကောင်းသူ တစ်ယောက်ဖြစ်သည်။ မီဒါကလည်း အေးဆေးငြိမ်သက်လွန်းလှသည်။ တခါတလေ သူမလောက်ပင် မသွက်လက်ချင်လှ။ ငြိမ်းချမ်းသော ဘ၀ကို တစ်သက်လုံး ပိုင်ဆိုင်ခဲ့ရသည်ကြောင့်ပင်ထင့် အတော်လည်း ဖြူစင် ချစ်ခင်ချင်စရာကောင်းသော မိန်းကလေးတစ်ဦးဖြစ်သည်။

ခင်ဗျား သီးစုံဖျော်ရည်ကို ကြိုက်မယ်လို့ မျှော်လင့်ပါတယ်.. အဲဒါပဲ ကျန်တော့တယ် ခင်ဗျ..

ရှင်.. ဟုတ်ကဲ့.. ရပါတယ်...

စောစောက မချေမငံလုပ်မိသလို ဖြစ်သွားတာကို ပြန်အဖတ်ဆယ်တဲ့ အနေနဲ့ အစကနေ ပြန်မိတ်ဆက်ခွင့်လေး ကျွန်တော့်ကို ပေးနိုင်မလား မသိဘူး...

ထိုမျှလောက် ယဉ်ကျေးနေမှုကြောင့် သူမ အနည်းငယ်ပင် အူကြောင်ကြောင် ဖြစ်သွားသည်။ တကယ်ဆိုလျှင် noble တစ်ယောက် အနေဖြင့် ထိုမျှလောက် ချိုသာစွာ ဆက်ဆံနေရန်မလို။

ဟုတ်ကဲ့..

သူမ အူကြောင်ကြောင်ပဲ အဖြေပေးလိုက်သည်။ ထိုသူအား မည်ကဲ့သို့ပြန်လည်ပြောဆိုဆက်ဆံရလျှင် ကောင်းမည်ဆိုသည်ကိုလည်း သူမ သေချာရေရာစွာ မသိလှ။ လောလောဆယ်ဆယ်တွင်မတော့ စိတ်အနည်းငယ် ကျဉ်းကျပ်နေပေပြီ။

ကျွန်တော့် နာမည် ရိုင်နီယာပါ... တွေ့ရတာ ၀မ်းသာပါတယ်...

ဟုတ်ကဲ့.. ကျွန်မ အင်ကြင်းပါ.. အင်ဂျင် မဟုတ်ပါဘူး..

သူက တစ်ချက် ဟက်ခနဲ ရယ်လိုက်သည်။

အိုကေ အင်ကြင်း.. တွေ့ရတာ ၀မ်းသာပါတယ်..

ထိုမှ စရ်ျ သူမတို့ စကားကောင်းနေလိုက်သည်မှာ ညနေစောင်းသည် အထိပင်ဖြစ်သည်။ ထိုစကားဝိုင်းတွင် များသောအားဖြင့်တော့ သူက သူမ အကြောင်းကို စူးစမ်းသလို မေးမြန်းနေသည်က များလေသည်။ သူမက ထိုသူ ဘယ်သို့သော သဘောဖြင့် ချဉ်းကပ်မေးမြန်းနေသည်ကို မကြာခဏ စဉ်းစားအဖြေထုတ်ကြည့်မိသော်လည်း အမှန်အတိုင်းပင် ဖြေခဲ့လိုက်ပါသည်။ သူ့အမူအရာက ရိုးသားသည်မို့ သူမ သိပ်ပြီး ထွေလီကာလီ မတွေးတောတော့ပါ။ သူမ သတိထားရသည်မှာလည်း noble များ၏ ကျော်ကြားသော အရှုပ်တော်ပုံများကို ကြားဖူးသည်မို့ပင်။

ကားတံခါးပိတ်သံကို ကြားလိုက်ရသည်မို့ သူမ အမှတ်တမဲ့နာရီကို လှမ်းရ်ျကြည့်မိလိုက်သည်။ ရှစ်နာရီ ထိုးတော့မည်။ သူမ ပြန်သင့်ပြီ။ ရိုင်နီယာဆိုသူကလည်း အလိုက်သိပါသည်။

ကဲ.. စကားပြောကောင်းနေလိုက်တာ ရှစ်နာရီတောင် ထိုးသွားပြီ.. လူတွေတော်တော်များများတောင် ပြန်သွားပြီပဲ.. ကျွန်တော်တို့လည်း စကားကောင်းနေတာ ရပ်ဦးမှထင်ပါရဲ့..

ဟုတ်ကဲ့.. ကျွန်မလည်း အဲဒါပြောမလို့ပဲ...

အင်ကြင်း ပြန်မယ်ဆိုရင် ကျွန်တော်နဲ့ လိုက်ခဲ့ပါ.. ကျွန်တော် လိုက်ပို့ပါ့မယ်..

ရပါတယ်.. ကျွန်မ လမ်းမှာ ၀င်စရာရှိလို့ပါ...

သူမ ယဉ်ကျေးစွာပင် ငြင်းလိုက်သည်။ သူမဘာသာသူမ အနှောင့်အယှက်ကင်းကင်းဖြင့် ဘတ်စ်ကားပေါ်တွင် ငေးချင်ရာငေးကာ လိုက်ပါရခြင်းကို ပိုမိုနှစ်ခြိုက်ပါသည်။ သူက သူမအား ခြံဝအထိ လိုက်ပို့သည်။ သူမလည်း နှုတ်ဆက်ကာ အသင့်လာသော ကားတစ်စီးပေါ်သို့ အသာတက်လိုက်သည်။

အိမ်ပြန်ရောက်တော့ သူမ၏ထုံးစံအတိုင်း ရေနွေးဖြင့် ရေကို ခပ်ကြာကြာချိုးလိုက်သည်။ ရေချိုးခန်းမှ ပြန်အထွက်တွင် ရေမချိုးခင်ကတည်းက နွေးထားခဲ့သော နွားနို့ပူပူကို oven ထဲမှ အသာထုတ်ကာ မနက်က မဖတ်ဖြစ်လိုက်သော သတင်းစာကို ကောက်ကိုင်ရင်း အိပ်ယာထဲသို့ဝင်ခဲ့သည်။ ဆယ့်ငါးမိနစ်ပင် မကြာလိုက် သူမ အိပ်ပျော်သွားသည်။ စာကြည့်မီးကိုပင် မပိတ်လိုက်မိ။ ထိုညဥ့်တွင် အေးချမ်းစွာကုန်ဆုံးခဲ့သော ညနေခင်းနှင့် ခြားနားစွာ ကြောက်မက်ဖွယ် ပုံရိပ်များဖြင့် ပြည့်နှက်နေသော အိပ်မက်တစ်ခုက ကြီးစိုးလျက်...

================

(ဖတ်ရှုခြင်းကို ကျေးဇူးတင်ပါသည်။ ။ စာေ၇းသူ)

0 comments: